ဘိုကလေး နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့သည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့် စာပေမြတ်နိုးစေ၊ လူငယ်နှင့်ပရဟိတ၊ ကိုယ်ကအရင်စကောင်းပါ၊ လူငယ်နှင့် ကျော်ကြားမှု” စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းသို့ ဘိုကလေးမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များတက်ရောက်ကြကြောင်း သိရသည်။
စကားဝိုင်းအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တိုက်တွန်းမှုများနှင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတူယူစရာများအား လမ်းညွှန်ကာ အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ချိတ်ဆွဲခင်းကျင်း ပြသခဲ့ကြကြောင်း သိရသည်။
သန်းဌေးအောင် (ပြန်/ဆက်)