စစ်ကိုင်း နိုဝင်ဘာ ၁၈
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွာထောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေရည်ကိုက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံစေရန်၊ အမှား၊အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်လူငယ်လေးများ ဖြစ်လာစေရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များစသည့် သိကောင်းစရာများကို ဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ/ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
အေးငြိမ်းစံ