ဒေးဒရဲ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကျေးရွာအခြေပြု အသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက သဲကုန်းကျေးရွာအုပ်စု ကျောင်းကြီးဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းလှိုင်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မှုခင်းဖြစ်ပွားမှု လျော့နည်းစေရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး လူကုန်ကူးမှု ပပျောက်စေရေးလုပ်ငန်းများ ဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်က ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့က တပ်ကြပ်ကြီး ကိုကိုဇော်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက ကျေးရွာမီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)