ချမ်းအေးသာစံ နိုဝင်ဘာ ၁၈
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမကြီး ဒေါ်ကျော့သက်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူငါးဦးတို့မှ ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။ ထိုသို့ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားရာတွင် မဇွန်ပွင့်လှိုင်က “လူငယ်နှင့်အားကစား” ၊ မမေဇင်သက်က “လူငယ်နှင့် ဗလငါးတန်” ၊ မကြည်ဖြူရှင်းသန့်က “လူငယ်နှင့် ပြည်သူ့နီတိ” ၊ မအိသဇင်ကျော်က “လူငယ်နှင့် အားလပ်ချိန်” ၊ မချစ်ပြည့်စုံက “လူငယ်နှင့်စာဖတ်ခြင်း” စသည့်ခေါင်းစဥ်ငါးရပ်နှင့်အတူ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)