ကန့်ဘလူမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများ ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်တင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကော်မရှင်အဖွဲ့ဝင်(၁) ဦးစိန်မောင်က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်ကိစ္စရပ်များအား စနစ်တကျဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုက မဲပေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက သင်တန်းသား ဆရာ၊ ဆရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာလုပ်ငန်းဏ္ဍအလိုက် လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူကြရန်မှာကြားသည်။

ထို့နောက် ခရိုင်ကော်မရှင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၊ မဲရုံခင်းကျင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါသင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းသား၊ သင်တန်းသူ ၁၈၈ ဦးတက်ရောက်ပြီး သင်တန်းကာလ ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)