မိုးညို နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်နှင့် ဦးစီးအရာရှိ ဒေါ်ယုယုနိုင်တို့က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပို့ချပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ မိုးညိုမြို့နယ်အတွင်း မဲရုံပေါင်း(၁၃၅)ရုံ ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းကို မဲရုံမှူး၊ ဒုမဲရုံမှူးများဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၂၇၀)ဦး တက်ရောက်ခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံတစ်ရုံတွင် တစ်နေ့တာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို နံနက်(၉)နာရီမှ ညနေ(၄)နာရီချိန်ထိ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)