ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၁၇

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပုဂံဒေသရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့ရိုးရာသိုင်းသင်ကြားမည့် သင်တန်းဆရာတစ်ဦးက မြန်မာ့ရိုးရာသိုင်းပညာ မတိမ်ကောမပျောက်ပျက်စေရေးနှင့် မြန်မာ့သိုင်းပညာကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးနှင့်သင်ကြားသည့် သိုင်းပညာအဆင့်ဆင့်အား အားကျိုးမာန်တက်သင်ကြား၍ လက်ဆင့်ကမ်းအမွေးပေးနိုင်ရေးတို့အား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် သင်တန်းသား/သင်တန်းသူများ အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း