ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် သဘာဝဘေးကြောင့်သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ကျောက်မြောင်း သြဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင်(၂၀၁၈-၂၀၁၉)ခုနှစ် မိုးလို၊ မိုးခေါင်သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီ အချိန်မှ စတင်ပြီး တောင်သူများ လက်ဝယ် အရောက်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးငွေပေးအပ်ရာတွင် ကျောက်မြောင်းမြို့၊ မလား၊ မခေါက်၊ ကံကြီးတော၊ ဂွေးပင်ကုန်း၊ အုန်းပေါက်ကျေးရွာတို့မှ တောင်သူ စုစုပေါင်း(၁၃၉)ဦး၊ ဧကပေါင်း(၄၁၂) ဧကအတွက် စုစုပေါင်းငွေကျပ်(၄၁၂၀၀၀၀) ကျပ်ကို သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ ထောက်ပံ့ငွေပေးအပ်ရာတွင် ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန(မြို့ဦးစီးမှူး)ဒေါ်ခင်ဝင်းနှင့်စိုက်ပျိုးရေး ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ(မြို့ဦးစီးမှူး) ဦးသန်းစိုးဦးနှင့် ဝန်ထမ်းများမှ ပူး ပေါင်းဆောင်ရွက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)