ခရမ်း နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အ.မ.က (ထိန်ပင်ကွင်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိငြိမ်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်အတွက် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/ စာပေများ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပျော်ရွှင်စရာ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသထားသထားရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)