ဒဂုံဆိပ်ကမ်း နိုဝင်ဘာလ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ယုဇနအလင်းတန်းစာကြည့်တိုက်တွင် စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးကြည်က အလှူရှင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများအနေဖြင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးသွားကြရန်နှင့် စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များအနေဖြင့်လည်း စာကြည့်တိုက် ဆက်လက်ရှင်သန်အောင် ကူညီဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယုဇနဥယျာဉ်မြို့တော် အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်က မုဒိတာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ယုဇနအလင်းတန်းစာကြည့်တိုက်သို့ သုတ/ရသ စာအုပ်၊ စာစောင်များလှူဒါန်းပေးပါသော အလှူရှင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးကြည်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်၊ ယုဇနအလင်းတန်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ယုဇနအလင်းတန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်(ခ) ဖိုးရာဇာ(မအူပင်)က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်များအား နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)