မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

မြောင်းမြ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရန်၊ မိမိတို့နေအိမ်များ၌ အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ဟောင်းနွမ်းနေပါက အသစ်ပြန်လည်တပ်ဆင်ကြရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများအနေဖြင့် ချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များကို စနစ်တကျမီးငြှိမ်းသတ်ထားရန်နှင့် ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများကို မီးမလောင်နိုင်သည့် အောက်ခံခွက်ဖြင့်သာ ထွန်းညှိအသုံးပြုရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ အသင့်ထားရှိရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန် အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)