သာပေါင်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်တို့သည် ယမန်နေ့နံနက်ပိုင်းကစတင်၍ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၌ ကော်ဖီပျိုးပင်များပေးအပ်ပြီး ကော်ဖီပျိုးပင်များ စိုက်ပျိုး၊ ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေးကာ ပြည်အေးခန်းမတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ပဲပုတ်၊နေကြာ) မျိုးစေ့ပေးအပ်ပြီး ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်းဒေသကြီးအဆင့် အကြီးအကဲတို့က လှေကြီးတက်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာ၊ ဦးညွန့်စိန် (ရဝေမြိုင်သီဟိုဋ်ခြံ)တွင် သီဟိုဋ်ခြံပိုင်ရှင်(၃၀)ဦးအား ကော်ဖီပျိုးပင်များပေးအပ်ပြီး ဦးညွန့်စိန်၏ခြံ(၁၅)ဧက၊ ပျိုးပင်(၆၅၅၂)ပင်စိုက်ပျိုးကာ ဦးစိုးသန်း ကော်ဖီစိုက်ပျိုးထားသည့် (၁)ဧကစိုက်ခြံကော်ဖီပင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနသို့ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်အေးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ပဲပုတ်၊ နေကြာ) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော တောင်သူများထံသို့ ဆီထွက်ပဲပုတ်မျိုးစေ့အိတ်၊ နေကြာမျိုးစေ့အိတ်များကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းသိန်းက ရှင်းလင်းတင်ပြချက်များအား ဝန်ကြီးချုပ်မှ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်မဖြစ်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး