ညောင်တုန်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကိုတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေး မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများသို့ နေကြာ၊ ပဲပုပ်မျိုးစေ့များပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တောင်သူများအား နေကြာ၊ ပဲပုပ်မျိုးစေ့များနှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးခြင်းအပြင် ပဲပုပ်၊ ပဲကြီးရောနှောစိုက်ပျိုးခြင်းကိုလည်း ရည်မှန်းချက်ပေးဆောင်ရွက်ကြရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် သီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကိုဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)