မော်လမြိုင် နိုဝင်ဘာ ၁၆
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉)(၁၁/၂၀၂၅) သို့တက်ရောက်ရန် မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား နိုဝင်ဘာလ(၁၄)ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှအတူတကွပူးပေါင်း၍ နိုင်ငံတော်အပါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) (၁၁/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများပေးအပ်ခဲ့ပြီး နိုင်ငံ့သားကောင်းရတနာ သင်တန်းသားများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သင်တန်းသား အိပ်ဆောင်များ၊ ထမင်းစားဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊၂ဝ၂၅ ခုနှစ်၊ (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုတို့ကို ကြည့်ရှုအားပေးပြီးအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)