ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ကျောင်းအဝင်မုဒ်ဦး ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးအဖွဲ့များနေရာချထားရေးနှင့် ပြိုင်ပွဲများပြုလုပ်မည့်အခန်းများနှင့် ကျောင်းဝန်းအတွင်း ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားရာ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်အေးအေးမော်နှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ်ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ)နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)