မုံရွာ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ တစ်ရက်လျှင် ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဖန်းဆိပ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သဖန်းဆိပ်ဆည်ရေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နေမှုများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဖန်းဆိပ်ရေလှောင်တမံ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆည်တာဝန်ခံအရာရှိက သဖန်းဆိပ်ရေလှောင်တမံအတွင်း နှစ်စဉ်ရေဝင်ရောက်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ သဖန်းဆိပ်ရေ လှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေ၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် အကူရေပိုလွှဲ ကျောက်ရိုးစီပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကျွန်းလှမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့တာဝန်ယူထမ်းဆောင်နေစဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူများနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ အလေးထားကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျွန်းလှမြို့နယ်ရှိ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကွင်းအမှတ်(၄၉၂) တောင်သူ ဦးခင်မောင်ညွန့် စိုက်ပျိုးထားရှိသည့် မကွေး - (၁၆) မြေပဲစိုက်ခင်း ၅ ဧကအတွင်း ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) ပန်းတိုင်းအထွက်နှုန်းပြည့်မီရေးအတွက် ယူရီးယား+လက်ချား(ဘိုရွန်) ပတ်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ရာ ဒေသခံတောင်သူများအတူ ကွင်းသရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့အဝင်ကတ္တရာလမ်းအား ယခင် ၁၂ ပေမှ ၁၈ ပေချဲ့ကာ အဆင့်မြှင့်တင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းလုပ်ငန်းများအရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကိုမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)