မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားတက်ရောက်

မကွေး နိုဝင်လာ ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမို ထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးသည့်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ မကွေးမြို့နယ် မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေး  ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ဒေသခံ ရပ်မိရပ်ဖများ၊ ကျေးရွာ ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စက်ခလုပ်နှိပ်၍ စတင်မီးလင်းပေးကာ၊ ကျေးရွာရှိ နေအိမ်များ လျှပ်စစ်ဓာတ်အား စတင်အသုံးပြုနေမှုအား တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်၍ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အနေနဲ့ ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုမိုရရှိနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဒါ့အပြင် မကွေးစက်မှုဇုံကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် (၃၃/၁၁)ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက် ဓာတ်အားဖြန့်ဖြူးပေးရန် စီစဉ်ထားကာ ဓာတ်အားစနစ်မှ ဓာတ်အားထုတ်လုပ်မှုလျော့နည်းချိန်တွေမှာ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသော Solar အရင်းအမြစ်ကို အခြေခံပြုကာ Energy Mix Backup အနေဖြင့် ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်နိုင်ရေးတို့ကိုပါ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင်လည်း သစ်ရာကောက် ဓာတ်အားခွဲရုံအထွက်(၁၁) ကေဗွီဓာတ်အားလိုင်းမှ မြောက်ကွမ်းအုံ ကျေးရွာများကို ဖြတ်သန်းပြီး မိကျောင်းရဲ့မြို့အထိ (၁၁)ကေဗွီ ဓာတ်အားလိုင်း (၁၀)မိုင် အသစ်တည်ဆောက်ခြင်းကို တိုင်းဒေသကြီးရန်ပုံငွေမှ (၆၄၂.၅၈၂)ကျပ်သန်း အကုန်အကျခံပြီး ခွင့်ပြုဆောင်ရွက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့ခြင်းဖြင့် မြောက်ကွမ်းအုံကျေးရွာ ရဲ့အိမ်ခြေ(၁၃၆)အိမ်နဲ့ အိမ်ထောင်စု (၁၄၆)စုဟာ လျှပ်စစ်မီးများသုံးစွဲနိုင်တော့မှာဖြစ်ပြီး၊ လျှပ်စစ်မီးရရှိခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် ဘဝနေထိုင်ရေးကဏ္ဍတို့မှာ ယခင်ထက် အစစအရာရာပိုမိုဖွံ့ဖြိုး တိုးတက်လာမှာလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီး မရရှိသေးတဲ့ဒေသများမှ ပြည်သူများ လျှပ်စစ်ဓာတ်အားများ   အမြန်ဆုံးရရှိရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ကျေးရွာလျှပ်စစ် မီးလင်းရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြာကြားခဲ့ပြီး၊ ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူတင် စကားပြန်လည်ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)