သာယာဝတီ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာယာဝတီ နိုဝင်ဘာ  ၁၆

စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးတိုးမင်းသည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ သာယာဝတီမြို့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ခရိုင် (မြေ၊ မျိုး၊ ပိုး)တာဝန်ခံများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအလိုက် စိုက်ဧကနှင့် အထွက်နှုန်းများ ကိန်းဂဏန်းစာရင်းဇယားမှန်ကန်ရေး၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်ပပို့ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်လေ့လာဆောင်ရွက်ရေး၊ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)လုပ်ငန်းစဉ်များအား လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ Rice Export Zone အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်ပသို့တင်ပို့နိုင်ရန် ပေါ်ဆန်းမွှေးစပါးတိုးချဲ့စိုက်ပျိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ချမှတ်ထားသော SOP အတိုင်း လိုက်နာဆောင်ရွက်ရေး၊ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေနှင့်အညီကြီးကြပ်ဆောင်ရွက်ရေး၊ သီးနှံစုံအကန့်လိုက်စိုက်ပျိုးခြင်း (Strip Cropping) အား တောင်သူပညာပေးစိုက်ပျိုးပြသရေး၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)များ အထွက်နှုန်းတိုးတက်ရေးနှင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးရေး၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်နှင့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာသောဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)