မကွေး နိုဝင်ဘာ ၁၅
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ ၌ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီး ပေ (၆၀၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့၌ ကျင်းပသည်။ ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီး မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါအခမ်းနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုအချိန်မှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုမှ တင်ပြတောင်း ဆိုသည့် ကျေးလက်ရေရရှိရေးနှင့် လမ်း၊ တံတားလုပ်ငန်းများကို Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းမကြီး အရှည်ပေ (၆၀၀) လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည်ဖြစ်ရာ ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန်နှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ် စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကျေးရွာပြည်သူများအနေဖြင့်လည်း ဒေသလိုအပ်ချက်များအား ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းမကြီးအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် (၁၀) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် သန်း(၂၀) စုစုပေါင်း ကျပ်သန်း (၃၀) ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ကြီး ပြီးစီးသည့်အတွက် ကျေးရွာနေ လူဦးရေ (၁၃၀၀) ၏ လူမှုစီးပွားအတွက် အကျိုးများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)