ကသာခရိုင်၊ ကသာမြို့နယ်တွင် အောင်နိုင်တိုးမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားပြုလုပ်

ကသာ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် မိုးစပါးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသည့် အောင်နိုင်တိုးမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်တောကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းမြင့်၏လယ်မြေ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးစပါးရိတ်သိမ်းပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးဝင်းက မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊ မြေစာရင်းဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ကွင်းအမှတ်(၇၁၅)ရှိ အောင်နိုင်တိုးစပါးမျိုးကောင်း ကိုယ်စားပြုတောင်သူ ဦးထွန်းမြင့်၏ လယ်မြေဦးပိုင်အမှတ်(၃)၊ ဧရိယာရှိ (၄ ဒသမ ၀၀)ဧကအတွင်း စံကွက်အရွယ်အစား (၀ ဒသမ ၁၀) ဧကအား မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကခြောက်သွေ့ပြီး (၁၂၀ ဒသမ ၃၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၁၇၁၇၃၃) စိုက်ပျိုးထားကြောင်း သိရသည်။

ကျော်စွာ(ကသာ)