တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများပြီး မိုးကာလတွင် သွားလာမှုများ အကန့်အသတ်ဖြင့်ရှိပါကြောင်း၊ တိုင်းဒေသကြီး နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှာဖွေပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာတတ်များမွေးထုတ်ပေးနိုင်ရန်အတွက် ပညာ‌ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်စီမံညွှန်ကြားမှုများဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ KG+9 ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းသို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်တွင် တစ်ခရိုင်လျှင်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၁)ကျောင်းဖြင့် စုစုပေါင်း(၈)ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်‌ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အသေးစားလုပ်ငန်းကိုအခြေခံသည့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် အခြေခံ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများအပြင် စီးပွားလုပ်ငန်းတွင် အထောက်အကူပြုမည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် သင်တန်းများဖွင့်လှစ်ပေးနေသည်ကို တွေ့ရပါကြောင်း၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို(က) ဒေသတစ်ခု ထုတ်ကုန်တစ်ခုဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းစေရန်၊ (ခ) ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ (ဂ) အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့်ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ (ဃ)ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ (င)အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ (စ) ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်(၆)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းများဖြင့် မိသားစုများ၏ လူမှုစီးပွားဘဝဝင်ငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း‌ဝင်ငွေတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို တိုင်းဒေသကြီးအနေဖြင့် အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သကဲ့သို့ ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မှတ်တမ်းမှတ်ရာများဖြင့် အကျိုးရှိရှိ အသုံးချ ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍  ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက စီမံကိန်းသင်တန်းဖွင့်လှစ်ခဲ့သည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင် မြောင်းမြခရိုင်နှင့် ဟင်္သာတခရိုင်တို့တွင် ဆောင်ရွက်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းတွင်အခြေခံနှင့် မွမ်းမံသင်တန်းတက်ရောက်ခဲ့ပြီး ထူးချွန်၍ လုပ်ငန်းထူထောင်မည့်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရာသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)တို့က လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား လုပ်ငန်းထူထောင်မည့်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး လူသုံးကုန်လုပ်ငန်းထူထောင်မည့်သူများအတွက် ပေးအပ်မည့်ပစ္စည်းများနှင့် တစ်လုံးထိုး ဒီဇယ်အင်ဂျင်လုပ်ငန်း ထူထောင်မည့်သူများအတွက် ပေးအပ်မည့်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)