ဖျာပုံ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ-ထ-က (၃) ကျောင်း၊ မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ် စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “လူငယ်စကားဝိုင်း”ကို ကျင်းပရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က moderator အဖြစ် ဆောင်ရွက်ပြီး အ-ထ-က (၃) Grade (11) မှ မောင်ဟိန်ဇေယျာထက်က “မူးယစ်ဆေးဝါးတို့ရှောင်ရှား”၊ မခေတ်သန့်ဇင် “အချိန်၏တန်ဖိုး”၊ Grade(10)မှ မောင်ထင်ကျော်က “ကျောင်းသားနှင့်စာအုပ်စာပေ”၊ မဇွန်ဖူးလှိုင်က “မျိုးရိုးဂုဏ်ကိုထိန်းသိမ်းရေး”စသည့်ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဦးဆောင်ဆွေးနွေး ကြပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး အ.ထ.က(၃)
ကျောင်းမှ ဆရာမဒေါ်ကြည်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ မူယစ်ဆေးဝါးအန္တရာယ်၏ဆိုးကျိုးများ၊ လူကုန်ကူးမှု ဆိုင်ရာအသိပညာပေးအကြောင်းအရာ နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အ-ထ-က(၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်