ပုသိမ် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့်အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများမေးမြန်းခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှောစိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည်ပါကြောင်း၊ တစ်သီးမှနှစ်သီး နှစ်သီးမှသုံးသီးအထိ စိုက်ပျိုး၍ သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် လိုက်ပါဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊သီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်-ပဲကြီးရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် တောင်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းရန်လိုပါကြောင်း၊ ကြဲခင်းများလျော့နည်းပပျောက်စေရေးနှင့် နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်ခြင်းဖြစ်ပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)