ကြံခင်း နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)၌ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။
ဦးစွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပရိတ်သတ်များရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေး စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ပြီး၊ စက်မှု(တတိယနှစ်) ကျောင်းသား မောင်ကောင်းခိုင်ခန့်က “လူငယ်နှင့်စည်းကမ်းဥပဒေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူးရေး(ဒုတိယနှစ်) ကျောင်းသူ မဟန်ဆုယဉ်က “လူငယ်နှင့်မွေးမြူရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသား မောင်ထွဋ်ခေါင်က "လူငယ်နှင့်လူကြီးမိဘဆက်ဆံရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသူ မအိမ့်မြတ်မှူးထက်က “လူငယ်နှင့် မြန်မာအမျိုးသမီးဂုဏ်ရည်” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားသော အတွေးအခေါ်များကိုမျှဝေ ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်အပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြပြီးနောက် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးက အမှတ်တရဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)