ကြံခင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲ ကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို နိုဝင်ဘာ ၅ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှုတတ်သော အလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး “လူငယ်နှင့် စာကြည့်တိုက်” ခေါင်းစဉ်ဖြင့်ဟောပြောသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးသိန်းစိုးက “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ အ.လ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)