အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၉၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅၂၅)ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေး

အိမ်မဲ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းအခြေခံပညာကျောင်း(၁၉၆)ကျောင်းမှ KG ကလေးများအား ကျောင်းတွင်းအာဟာရကျွေးခြင်းများကို အခြေခံပညာကျောင်းများ၌ယနေ့ နံနက် ၁၀ နာရီခွဲက စတင် ဆောင်ရွက်သည်။

ဦးစွာ အ.ထ.က(၂)ကျောင်းမှ KG ကျောင်းသား/ကျောင်းသူများ အစားအစာမစားမီ လက်ဆေးနေမှု၊ အစားအစာ စားသုံးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာသန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဆု​​​ဝေထွန်း၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ကျောင်းအကျိုးတော်ဆောင်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊တာဝန်ရှိသူများက အ.ထ.က(၁)၊ အ.လ.ကချောင်းဝကျောင်းများမှ ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုများ ဆက်လက်ကြည့်ရှု အားပေးကြသည်။

အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၉၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅၂၅)ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)