ခန္တီး နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတ မြင့်မားကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရေးအတွက် နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်အထိမ်း အမှတ်နေ့များတွင် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီအချိန်က နိုင်ဝင်ဘာလ(၁၄)ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် စိတ်ကြိုက်ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ခိုင်မာရန် အရေးကြီးပုံတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးနောက် ဤဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ပြီး ခင်းကျင်းပြသထားသော နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)