ထားဝယ်မြို့တွင် မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

ထားဝယ် နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ထားဝယ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးကိုကိုအောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့်အခြေအနေများ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အောက်စီဂျင်ဖြတ်တောက်သည့်နည်းစနစ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်များအားအသုံးပြု၍မီးငြှိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအားငြှိမ်းသတ်နည်းနှင့် ကြိုတင်ကာကွယ်ရမည့်နည်းစနစ်များစသည့်တို့ကို လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြခဲ့ကြပြီး ကျောင်းသား/သူများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)