ပွင့်ဖြူ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း စိုက်ပျိုးထားရှိသော အဓိကသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက တောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးနှင့် စားရေရိက္ခာ ဖူလုံစေရေးအတွက် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် မြေမှန်မျိုးမှန် စနစ်တကျ စိုက်ပျိုးရေး ၊ စိုက်ပင်အရေအတွက် ပြည့်မီရေး ၊ ဒေသနှင့် ကိုက်ညီသော အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး ၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး ၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့အား တောင်သူကိုယ်တိုင် ထုတ်လုပ်နိုင်သော နည်းလမ်းများ ၊ ထွက်ရှိသောသီးနှံများ ဓာတုဓာတ်ကြွင်းပါဝင်မှု ကင်းစင်ရေး ဆောင်ရွက်ရန်အချက်များနှင့် သီးနှံများ အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအားသာချက် ၊ အားနည်းချက်များနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၇၀ ဦးခန့် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )