မော်လမြိုင် နိုဝင်ဘာ ၁၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု ဖူးမြှော်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ တောင်စွန်းကျေးရွာ ရာမညနိကာယတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တသဒ္ဓမ္မဓဇ၏ သြဝါဒကထာ ခံယူတော်မူသည်။
ထို့နောက် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူဂုဏ်ထူးဆောင် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီး ကြွရောက်တော်မူ၍ ဆံတော်ရှင် ကျိုက်မုနိုင်း စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက် လှည့်လှည်ကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် စေတီေတာ်ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ် က ဆရာတော်ထံ လူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် ရှင်းလင်း လွယ်ကူစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ မဲမသမာမှု မပြုလုပ် နိုင်စေရေးတို့အတွက် အီလက်ထရောနစ် မဲပေးစနစ်ကို နိုင်ငံတော်က ငွေကြေးများစွာ အကုန်အကျခံ၍ ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများ အနေဖြင့် မြို့နယ်အလိုက် မဲပေးစက်ကို ကြိုတင်ဆောင်ရွက်ရမည့်အဖွဲ့များသို့ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည်ဖြစ်သည့်အတွက် အလေးထားမှတ်သားလေ့ကျင့်ကြရန်လိုကြောင်း၊ လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက် ပွဲ ဖြစ်စေရေးဆောင်ရွက်ရာတွင် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် တစ်တပ် တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ညွှန်ကြားရေးမှူးမှ မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့မှု အပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းသို့ မော်လမြိုင်မြို့ပေါ်ရှိတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)၊ပညာရေးဌာနနှင့် ဌာနဆိုင်ရာများမှသင်တန်းသား (၂၀၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)