စစ်တွေ နိုဝင်ဘာ ၁၁
စစ်တွေမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုရေးပင်စင်ထုတ်ယူရန် လာရောက်ကြသည့် အသက်(၈၅)နှစ်အထက်ရှိ သက်ကြီးပုဂ္ဂိုလ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက လူမှုရေးပင်စင်ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသက်(၈၅)နှစ် အထက်ရှိ သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက်ရှိ သက်ကြီးပုဂ္ဂိုလ်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့်ဆန်နှင့် စားသောက်ဖွေရာများအား ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ အခမ်းအနားတွင် စစ်တွေမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးပုဂ္ဂိုလ်( ၂၀၂ ) ဦးတို့အား လူမှုရေးပင်စင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့်ဆန်နှင့် စားသောက်ဖွေရာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)