ပြည် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၆)နှစ်ပြည့်အထိမ်းအမှတ် သုတေသနညီလာခံ (၂၀၂၅) "သမိုင်း၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးဆိုင်ရာ ဘက်စုံအမြင်" အခမ်းအနားကို သုတေသနစာတမ်းဖတ်ပွဲများ၊ ပိုစတာပြိုင်ပွဲများ၊ အရောင်းပြခန်းများ၊ အနုပညာ ဖျော်ဖြေပွဲများနှင့် အမှတ်တရညစာစားပွဲတို့ဖြင့် ယမန်နေ့နံနက်ပိုင်းကစ၍ နိုဝင်ဘာ ၁၁ရက်နေ့အထိ နှစ်ရက်ကြာစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ရှေးဦးစွာ ယင်းတက္ကသိုလ်ဘက်စုံသုံးခန်းမရှေ့၌ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပရာ ဦးစွာပြည်တက္ကသိုလ် အနုပညာဌာနနှင့် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက မြကျွန်းညိုညိုတေးသီချင်းနှင့် ပျူယဉ်ကျေးမှုအကအလှအပါအဝင် အဖွဲ့အလိုက်အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ်က ပြည်တက္ကသိုလ်တည်ထောင်ခြင်း(၂၆)နှစ်ပြည့်အထိမ်းအမှတ် အမှာစကားနှင့် မုဒိတာစကားပြောကြားကာ တက်ရောက်လာသော တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်တက္ကသိုလ်သုတေသနညီလာခံ(၂၀၂၅)ကို ယင်းတက္ကသိုလ် ဝိဇ္ဇာ/သိပ္ပံဆောင်များ၌ကျင်းပခဲ့ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်းများဖတ်ကြားမှုအား ပြင်ပပညာရှင် (Chair person) များက အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး အဆိုပါစာတမ်းဖတ်ကြားပွဲတွင် ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း(၃၃)စောင်နှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ (၄၇)စောင်၊ စုစုပေါင်း သုတေသနစာတမ်း အစောင်(၈၀)ကို ဖတ်ကြားတင်သွင်းနိုင်ခဲ့သည်။
ထို့အပြင် အထိမ်းအမှတ်ဒုတိယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြင်ပပညာရှင်များနှင့် ဧည့်သည်တော်များကို ပြည်မြို့အနီးတစ်ဝိုက်ရှိ သရေခေတ္တရာပျူမြို့ဟောင်းအပါအဝင် သမိုင်းဝင်အထင်ကရနေရာများသို့ ဒေသဆိုင်ရာလေ့လာရေးခရီးစဉ်ပို့ဆောင်ပေးပြီး ဆက်လက်၍ ဘက်စုံသုံးခန်းမ၌ ဖိတ်ကြားထားသောပညာရှင်များအား ဂုဏ်ပြုခြင်းနှင့် ယမန်နေ့က ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအနက် အကောင်းဆုံးဝိဇ္ဇာ/သိပ္ပံစာတမ်းဆုရှင်များနှင့် အကောင်းဆုံး ဝိဇ္ဇာ/သိပ္ပံပိုစတာဆုရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သုတေသနညီလာခံဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ခဲ့သူများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
ပြည်တက္ကသိုလ်သည် တက္ကသိုလ်အဆင့်မတိုင်မီ ၁၉၇၆-၇၇ခုနှစ်တွင် ရွှေတောင်မြို့ဒေသကောလိပ်အဖြစ် အစပြုတည်ရှိခဲ့ပြီး ၁၉၇၈-၇၉ခုနှစ်တွင် ပဲခူးတိုင်း ဒေသကောလိပ်(ရွှေတောင်)အဖြစ် ပြည်မြို့ ရွှေတစ်ချောင်းလမ်းရှိ လက်ရှိပြည်တက္ကသိုလ်တည်နေရာ၌ ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယင်းမှတစ်ဆင့် ၁၉၈၁-၈၂ခုနှစ်တွင် ကောလိပ်အဆင့်နှင့် ၁၉၉၅- ၉၆ခုနှစ်တွင် ဒီဂရီကောလိပ်အဆင့်သို့လည်းကောင်း၊ ၁၉၉၉- ၂၀၀၀ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၏ တစ်ခုတည်းသော တက္ကသိုလ်အဆင့်သို့ နိုင်ငံတော်က တိုးမြှင့်ပေးခဲ့ပြီး ယခု၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့တွင် ပြည်တက္ကသိုလ်၏ တက္ကသိုလ်အဆင့်သက်တမ်းမှာ (၂၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ ယခုလိုအထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)