မြိတ် နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို နိုဝင်ဘာ (၁၀) ရက် နံနက် (၁၀) နာရီက ပုလဲရတနာခန်းမတွင် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ကြသည်။
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဝင်ငွေတိုးစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။
လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းအကြောင်းအရာများ၊ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စီမံကိန်းကျေးရွာများရှိ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြရာ ထူးချွန်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ (၃) ရွာတွင် စီမံကိန်းလုပ်ငန်းကို ကျေးရွာတစ်ရွာလျှင် ကျပ် (၁၄) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး စားသောက်ကုန်သင်တန်းနှင့်အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ခဲ့ကာ ထူးချွန်သင်တန်းသူ (၁၅) ဦးကို တစ်ဦးလျှင် (၁၆) သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)