တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားများအတွက် ဆန်၊ ဆီ များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်ပြုလုပ်သော တိုင်းရင်းသားများအတွက် ဆန်၊ ဆီများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြိို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ တိုင်းရင်းသားများက ကောင်းချီးကျေးဇူးတော်ကို ချီးမွမ်းခြင်း တေးသရုပ်ဖော်အစီအစဉ်ဖြင့် အခမ်းအနားအား ဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းနေထိုင်သော တိုင်းရင်းသားများအတွက် ဆန်၊ ဆီ များ အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်သော ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံ တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများအတွက် ဆန်၊ ဆီများ ပေးအပ်ပွဲသည် ဒုတိယကြိမ်မြောက်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသများအတွက်လိုအပ်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုတန်းတူအခွင့်အရေးရရှိစေရန် အရန်သားဖွားသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီး ပညာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တစ်ချို့နေရာဒေသများတွင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ပေးရန်အခက်အခဲရှိကြောင်း၊ တစ်ချို့နေရာဒေသများ၌ ခရီးသွားလုပ်ငန်းများအပြင် နေရာဒေသကောင်းမွန်သည်ကို တွေ့ရှိရပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများအတွက် ကျောင်းနေရန် အခက်အခဲရှိသူများကို ကျောင်းပြင်ပ ကျောင်းပညာရေးစနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းသားလူငယ်များအား ကျောင်းနေမြဲအောင် အားပေးတိုက်တွန်းရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တိုင်းရင်းသားများအတွက် ဆန်(၂၃၀)အိတ် နှင့် ဆီ(၆၀၀)ပိဿာ အား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။

ဆက်လက်၍တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးက  ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းသားများက ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဂုဏ်ပြုဆုတောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)