နတ်မောက် နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေက ဥပဒေပြန့်ပွားရေး၊ တရာဥပဒေရေးရာဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းက ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဌာန်းချက်များမှ(၁၉၅၁)ခုနှစ် အလုပ်ရုံများ အက်ဥပဒေပြဌာန်းချက်များ၊ ကလေးများခိုင်းစေခြင်းအက်ဥပဒေပြဌာန်းချက်များ၊ ကလေးများခိုင်းစေခြင်းအတွက်တားမြစ်ချက်များ၊ ကျူးလွန်သည့်ပြစ်မှုအတွက် ပြစ်ဒဏ်ပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)ပါ ပုဒ်မများအားရှင်းလင်းခြင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဥမ္မာတိုးက ကလေး အလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေများနှင့်အညီမြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သည့် အကြောင်းအရာများကို ရှင်းလင်းခြင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးကကလေးအလုပ်သမားဖြစ်ပေါ်လာရသည့်အကြောင်းအရင်းများမှ ဆင်ရဲနွမ်းပါးခြင်း၊ မိသားစုအတွင်းသားသမီးများခြင်း၊ မိသားစုဝင်ငွေ နည်းပါးခြင်း၊ လုပ်ခလစာသက်သာခြင်းစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။.
အဆိုပါဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌများ နှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှဝင်း