ကော့သောင်း နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၇)ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်မှ "နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ် စသည့်အဓိက (၄) ချက် ပြည့်စုံရေးအတွက် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်နှင့်အညီ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဥပဒေတွင် ပြဌာန်းထားသည့် “မိသားစုဝင်များဖြင့်သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် (သို့မဟုတ်) ပြုပြင်မွမ်းမံသည့် မြင်းကောင် ၀.၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦး ထက်မပိုသော စက်မှုလုပ်ငန်းများနှင့် အလုပ်သမား ၃ ဦးနှင့်အထက်ရှိသော လက်မှုလုပ်ငန်းများ" ကို ဥပဒေနှင့်အညီ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းအနေဖြင့် လိုင်စင်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ MSME လုပ်ငန်းသစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း" ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်အတွင်း "အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး" ခေါင်းစဉ်ဖြင့် စက်ချုပ်သင်တန်းအား အေးမြကန်သာရပ်ကွက်၌လည်းကောင်း၊ "လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး" ခေါင်းစဉ်ဖြင့် စက်ချုပ်သင်တန်းအား (၁၀) မိုင်ကျေးရွာ၌လည်းကောင်း၊ “ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး" ခေါင်းစဉ်ဖြင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ရွာသာယာကျေးရွာ၌လည်းကောင်း ရပ်ကွက်/ကျေးရွာများနှင့် ကိုက်ညီသည့် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပြီး သင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသား/သူများထဲမှ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းထူထောင် နိုင်သူ (၁၅) ဦးကို စိစစ်ရွေးချယ်ပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် တစ်ဦးလျှင် ကျပ်(၁၆)သိန်းနှင့်ညီမျှသော “လုပ်ငန်းသုံးပစ္စည်းများ” ကို ပေးအပ်သွားမည် ဖြစ်ပါကြောင်း" ပြောကြားသည်။
ယင်းနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်မှ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ထူးချွန်သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများအား ပေးအပ်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ လိုက်လံကြည့်ရှု၍ သင်တန်းသား/သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)