စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ ရဟန်းသံဃာရှင်များ၏ ဆင်းရဲဒုက္ခများအား ခံစားခဲ့ရပြီး မြန်မာ့သမိုင်းတွင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် နေ့တစ်နေ့အဖြစ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငလျင်ဘေးသင့်မိဘပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွ ရင်ဆိုင်ကျော်ဖြတ်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ငလျင်ဘေးသင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် အခက်အခဲများအား အတက်နိုင်ဆုံး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် သန်း-၅၀၅၇၂ (ငါးသောင်းငါးရာခုနှစ်ဆယ်နှစ်) သန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်း ဘိလပ်မြေ၊ သံ၊ သွပ်များအား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးဝန်းအတွင်း၌ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ဘိလပ်မြေ၊ သံ၊ သွပ်များအား ခွဲဝေဖြန့်ဖြူးပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ပြန်လည်ပြုပြင်နေမှုနှင့် ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အလျား- ၁၂၀ ပေ၊ အနံ- ၃၀ ပေ RC ၁ ထပ် ကျောင်းဆောင် အဆောက်အဦသစ်တည်ဆောက်နေမှု၊ ထုံးဘိုရပ်ကွက်ရှိ အလျား ၆၀ ပေ၊ အနံ- ၃၀ ပေ RC ၁ ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်းဝန်းအတွင်း အလျား - ၁၅၀ ပေ၊ အနံ-၃၀ ပေ RC၁ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှု၊ ပတ္တမြားရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အတွင်း အလျား - ၆၀ ပေ၊ အနံ-၃၀ ပေ RC ၁ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှုနှင့် မကျီးစင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း အလျား - ၆၀ ပေ၊ အနံ- ၃၀ ပေ၊ RC ၁ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)