တောင်တွင်းကြီးမြို့နယ်ရှိ “သင်း” ပဲကြော်၊ ပဲလှော်လုပ်ငန်းအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

တောင်တွင်းကြီး နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် “သင်း” ပဲကြော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းပိုင်ရှင်နှင့် အလုပ်သမားများအား ယမန်နေ့နံနက် (၇) နာရီခွဲက မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက “သင်း” ပဲကြော်၊ ပဲလှော်လုပ်ငန်းအတွင်းရှိ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးလောင်လွယ်စေသော လောင်စာများ ရှိ/မရှိ၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)