နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

နတ်တလင်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက ရှားဖြူကုန်း (၁) အ.မ.ကကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အကြောင်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရုပ်ပုံပါစာအုပ်ဖြင့်ပုံပြင်ပြောခြင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များ ပြသခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)