သထုံမြို့နယ် ပေါ်တော်မူရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

သထုံ နိုဝင်ဘာ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ ညနေက စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ရာတွင် ပေါ်တော်မူကျေးရွာနှင့် အနီးဝန်းကျင် ရပ်ကွက်/ကျေးရွာတို့မှ အသင်းအဖွဲ့များက ညနေ ၃ နာရီခန့်မှ စတင်ကာ ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို အဖွဲ့အလိုက် စီတန်းကိုင်ဆောင်ကာ လှည့်လည်ကြပြီး စေတီတော်မြတ်ကြီးအပါအဝင် အရံစေတီတော်များ၊ ရုပ်ပွားတော်များအား ကပ်လှူပူဇော်ခဲ့ကြသည်။

သမိုင်းဝင်ပေါ်တော်မူရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့၌ ပြုလုပ်လေ့ရှိပြီး နံနက်ပိုင်းတွင် သံဃာတော်နှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စာရေးတံမဲများကပ်လှူခြင်း၊ မွန်းလွဲပိုင်းတွင် စေတီတော်အားကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်း၊ စတုဒီသာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ ဘုရားပွဲဈေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)