ကန့်ဘလူ နိုဝင်ဘာ ၆
ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယက္ကန်းသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက်ရှိ စိန်နဒီယက္ကန်းရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးစိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့ နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ခိုင်က သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်တန်းနည်းပြဆရာမ ဒေါ်နှင်းယုကျော်က သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာများမှ သင်းတန်းသူ ၁၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလ ၄၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယက္ကန်းသင်တန်း၊ ဆံကေသာအလှပြင်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ အခြေခံစက်ချုပ်နည်းသင်တန်း၊ လက်သမားသင်တန်း၊ ပလတ်စတစ်ခြင်းယက်လုပ်နည်းသင်တန်း၊ ဝါးခမောက်သင်တန်း၊ ဆပ်ပြာဆီ၊ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းစသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ၃၅ ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူ (ယခုယက္ကန်းသင်တန်းအပါအဝင်) ၅၉၈ ဦးတို့ကို သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)