ချောင်းဆုံ နိုဝင်ဘာ ၆
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် စည်း (၅) စည်းဖြင့် လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုဝင်ဘာ (၆) ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီတာ (၄၀၀) အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ဇုန်အလိုက် လုံခြုံရေးဆောင်ရွက်ကြမည့် တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကျင်းပနေစဉ် ဗဟိုစည်း၊ အနီးစည်း၊ အတွင်းစည်း၊ အပြင်စည်းနှင့် အဝေးစည်း လုံခြုံရေးတာဝန်ယူဆောင်ရွက်မည့်အဖွဲ့တို့အား မဲရုံနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ပြောကြားကာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုကျော်(ချောင်းဆုံ)