မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀) ထွန်းညှိ၍ ရေမျှောပူဇော်

မြစ်ကြီးနား     နိုဝင်ဘာ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာရိုးရာအစဉ်အလာနှင့်အညီ ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်ကို ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကပဒေသာဖျော်ဖြေပွဲများဖြင့်  တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ညနေ ၆ နာရီက မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တန်ဆောင်တိုင်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်ဒေါ်ဒွဲဘူ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို  မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော် မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲနှင့်အတူ ဆုတောင်းပြည့်ဆိပ်ကမ်း၌ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးအား ဆီမီး(၂၀၀၀၀) ထွန်းညှိ၍ ရေမျှော်ပူဇော်ပွဲ အခမ်းအနားသို့ ဆက်လက် ကျင်းပကြပြီး ကမ်းနားလမ်းတစ်လျှောက် ဌာနဆိုင်ရာများ၏ စတုဒီသာမဏ္ဍပ်များဖွင့်လှစ်၍ ကုသိုလ် ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်ကြသူများအား ဧည့်ခံကျွေးမွေးခြင်းနှင့်အတူ ရှမ်းတိုင်းရင်း သားမျိုးနွယ်စုများ၏ တိုးနယားအက၊ ကိန္နိရီကိန္နရာ အကအလှများနှင့် ဖျော်ဖြေတင်ဆက်နေမှုများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပနေမှုကို ဒေသခံများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍ ဧရာဝတီမြစ်ဆိပ်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့်အတူ ဧရာဝတီမြစ်အတွင်းရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးဖောင်တော် ရေမျှောပူဇော်သည်နှင့်တစ်ပြိုင်နက် ဆီမီးများထွန်းညှိ၍ ဆုမွန်ကောင်းတောင်းကာ ရေမျှောပူဇော်ခဲ့ကြသည့်အပြင် မီးသတ် ဦးစီးဌာနက ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များက ကမ်းနားလမ်းတစ်လျှောက် မနောမြေ အမည်ရ မီးပုံးပျံကြီးများကိုပါ တစ်ပြိုင်နက်တည်း လွှတ်တင်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဧရာဝတီမြစ်ကမ်းမှ တစ်ဆင့်လည်း ဆီမီးများ ရေမျှောပူဇော်ခြင်း၊ မီးပုံး ပျံကြီးများ လွှတ်တင်ပူဇော်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အဆိုပါ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်၌ တန်ဆောင်တိုင် ပွဲတော် တိုင်းရင်းသားရိုးရာအကပဒေသာပွဲကို ဆက်လက်ကျင်းပပြီး ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ် စသည့် ကချင်မျိုးနွယ်စုများနှင့် တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းဆာ၊ တိုင်းလေ၊ တိုင်းခမ်းတီ စသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာ၊ ရခိုင်၊ ကရင်၊ ချင်း တိုင်းရင်းသားများက ရိုးရာအကအလှ များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖျော်ဖြေရေးအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ နှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည့် တူရွှင်နွှဲပျော်တန်ဆောင်ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်မှု၊ တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့ အသီးသီးမှ တပ်နယ်မိသားစုများ၏ စတုဒီသာဈေးပွဲ တော်အတွင်း မြန်မာ့ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အတူ တန်ဆောင်မုန်းလပြည့်နေ့၌ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများဖြစ်သည့် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၊ အံတော်ရှင်စေတီတော်၊ အောင်ဇေရန်အောင်စေတီတော်ကြီးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ စတုဒီသာများ ဧည့်ခံကျွေးမွေးခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြုလျက်ရှိသည့် အပြင် မင်းရပ်ရပ်ကွက်ပြည်သူ့ရင်ပြင်၌ ရောင်စုံအလှမီးများထွန်းညှိခြင်းနှင့်အတူ ဒေသခံတိုင်းရင်းသားအဆိုရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို လာရောက်ကြည့်ရှုလည်ပတ်သူများ၊ အပန်းဖြေသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်