ငွေဆောင် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သော နို၀င်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ပြည်တွင်းခရီးသွားဧည့်သည် (၁၀၈၀၉) ဦး၊ ပြည်ပခရီးသွားဧည့်သည် (၄၅၉) ဦး၊စုစုပေါင်း (၁၁၂၆၈) ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်း၊ ဟိုတယ်၊တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကြောင့် နှစ်စဉ်ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များစွာ လာရောက်အနားယူအပန်းဖြေလျက် ရှိကြသည်။
တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များသည် ချစ်သူများကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း ၊ မြွေကျွန်း ၊ ကျွန်းလျားရှည်အစရှိသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ခြင်း ၊ ငွေဆောင်ဆင်စခန်းများသို့ သွားရောက်လည်ပတ်ခြင်း ၊ငွေဆောင် Night Market နှင့် Speed Boat, Banana Boat စီးခြင်း ၊ ရေကူးခြင်းတို့ ဖြင့် အားလပ်ရက်များကို အပန်းဖြေခဲ့ကြကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ စိတ်အေးချမ်း ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေး ၊ လုံခြုံမှုရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးနှင့် ကမ်းခြေဈေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးတို့အတွက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်(ပြန်/ဆက်)