ညောင်တုန်း နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှ လပြည့်ကျော် (၁)ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော အထင်ကရ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဦးဆောင်၍ မြို့သူမြို့သားများ ရောဂါကင်းရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများ ရွတ်ဖတ်ပူဇော်ကာ မြို့ပေါ်(၁၀)ရပ်ကွက်ရှိ ယာယီစံကျောင်းတော်မှ အပူဇော်ခံထားရှိသည့်နှစ်ကျိပ်ရှစ်ဆူဘုရားများအား မြို့တွင်းသို့ ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံခဲ့သည်။
ထို့အတူ မြို့နယ်အတွင်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီများတွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများရွတ်ဖတ်ပူဇော်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ပွဲလမ်းသဘင်များ၊ ဈေးရောင်းပွဲတော်များဖြင့်စည်ကား သိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)