မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မင်းဘူး   နိုဝင်ဘာ   ၅

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မင်းဘူးမြို့ ထောက်ရှာပင်ရေနံမြေ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းတွင်  ကျင်းပရာ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ-ရေနံမြေဌာနများ၊ သက်ဆိုင်ရာ အလုပ်ဌာနများမှ အလုပ်သမားများ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အလုပ်ဌာန (၁၄၀၈) ဌာနနှင့် အာမခံအလုပ်သမား (၁၈၀၄၇) ဦးရှိရာ မင်းဘူးမြို့နယ်တွင်အလုပ်ဌာန (၁၇၂) ဌာန၌ အာမခံအလုပ်သမား (၄၈၈၃) ဦးရှိသည့်အနက်၊ (၂၇) ဌာနမှ အာမခံအလုပ်သမား (၇၆၁) အား၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွက် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ငွေကျပ် ၆၂ ဒသမ ၄၄၈ သန်းကို တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက အလုပ်ဌာနများကိုယ်စား ထောက်ရှာပင်ရေနံမြေမှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျန်မြို့နယ်များဖြစ်သည့် မကွေး၊ ပခုက္ကူ၊ ရေနံချောင်း၊ အောင်လံမြို့နယ်များမှ အာမခံအလုပ်သမားများကိုလည်း ဆက်လက်စိစစ်၍ ပေးအပ်သွားမှာဖြစ်ကြောင်း တိုင်းဒေသကြီး တာဝန်ခံအရာရှိထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)