ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ (၆၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်း လပြည့်နေ့ရောက်တိုင်း ဆွမ်းကြီးလောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့နံနက် (၆)နာရီက (၆၄) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ကွမ်သဲကျေးရွာ လမ်းမကြီးတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းကြီးလောင်းပွဲတော်တွင် ဒေသခံများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှဆရာတော်၊ သံဃာတော် အပါး(၂၀၀)ခန့်ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို ရွာလမ်းတစ်လျှောက် လောင်းလှူခြင်း၊ စာရေးတံမဲဖောက် လှူဒါန်းခြင်းနှင့် ဆရာတော်၊ သံဃာ တော်များကို နေအိမ်များသို့ ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်မြတ်နာယူခြင်းများ ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းတွင် စတုဒီသာမဏ္ဍပ်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)