ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ပဲခူး နိုဝင်ဘာ

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ယှဉ်ပြိုင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်းတီးခတ် ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ရာဇဓာတုကလျာ စင်တော်၊ ရှင်စောပုစင်တော်၊ ဝိသာခါစင်တော်၊ ယသော်ဓရာစင်တော်နှင့် ဂေါတမီစင်တော် ယက္ကန်းအဖွဲ့များ၏ မသိုးသင်္ကန်းရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ လာရောက်ဖျော်ဖြေပေးခဲ့ကြသည့် ဆင်အကအဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)