မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေး  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တစိန္တာသာရ(အဘိဓဇမဟာ ရဌဂုရု) ထံမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အမှူးပြုသောဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များတို့ထံမှ ပရိတ်တရားတော်များကို နာယူ ကြည်ညိုခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိအကြီးအကဲများက သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်း၊ ကထိန်အခြံအရံ ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မကွေူမြို့၊ ပညာစက္ကရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတနှင့် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂဓမ္မတို့က ကထိန် အမေး/ အဖြေ ဆောင်ရွက်တော်မူသည်။

ဆက်လက်ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ စုပေါင်းပြီး ကထိန်လျာ သင်္ကန်း၊ ကထိန်အခြံအရံငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲကို နှစ်စဉ် အစဉ်အလာမပျက် ဆင်နွှဲကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် (၃၈)ကြိမ်မြောက် ရှိပြီဖြစ်ကာ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပစ္စည်းတန်ဖိုးနှင့် အလှူငွေ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၀၈၁,၈၅,၅၀၀/-) (တစ်ထောင့်ရှစ်ဆယ့်တစ်သိန်း ရှစ်သောင်း ငါးထောင် ငါးရာကျပ် တိတိ/-) ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ညီညာ