စစ်တွေ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ သံဃာတော်အရှင် သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ခန်းမအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ကထိန်အရံဖြစ်သော ပဒေသာပင်များ ခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှု ကြသည်။ ယင်းနောက် အခမ်းအနားကို စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင် သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြသည်။
ဆက်လက်၍ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာ ထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များရွတ်ပွား ချီးမြှင့်တော် မူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က စစ်တွေမြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စစ်တွေမြို့ပေါ်ရှိ ကထိန်မရရှိသေးသော ကျောင်းတိုက်အသီးသီးမှ ဆရာတော်များအား မိုးပေါ်ကျ ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ် မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်တွင် စစ်တွေမြို့ပေါ်ရှိ ကထိန်သင်္ကန်းမရရှိသေးသည့် ကျောင်းတိုက် ၆၂ တိုက်မှ ဆရာတော်များအား ပင့်ဖိတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများမှစုပေါင်း၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်ရာ ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုး စုစုပေါင်း ၁၁၄၆၈၃၃၀၀ (ကျပ်တစ်ထောင်တစ်ရာ လေးဆယ်ခြောက်သိန်း ရှစ်သောင်း သုံးထောင် သုံးရာကျပ်တိတိ) ကို လှူဒါန်းနိုင်ခဲ့ဖြစ်သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန အလိုက် ဌာနဆိုင်ရာများမှစုပေါင်း၍ ကထိန်လျာသင်္ကန်း၏ အရံဖြစ်သော ပဒေသာပင်များအား ပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် စစ်တွေမြို့ပေါ်ကို လှည့်လည်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)